ရန်ကင်း ဇွန် ၈
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန်ရည်ရွယ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက်(၉)နာရီ အချိန်ကစတင်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ယင်းသို့ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ရန်ကင်းမြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အလယ်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းများကို တစ်ပြိုင်တည်း ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ အ.ထ.က(၁)တွင် စုရပ်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူ (၄၇၅)ဦးကို ထိုးနှံပြီးစီးကြောင်းနှင့် ကျန်ရှိသည့်အခြေခံပညာကျောင်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိရွှေစင်