မိုင်းပန်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား အချိန်နှင့်တစ်ပြေးညီ ဆော်သြ

မိုင်းပန်     စက်တင်ဘာ ၇

ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများ သိရှိစေရန် အသိပေးကြေညာချက်တို့အား အချိန်နှင့် တစ်ပြေးညီ ပြည်သူများ အမျိုးသားရေး အသွင်ဖြင့် သိရှိလိုက်နာကြစေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနပိုင် မော်တော်ယာဉ်များဖြင့် လည်းကောင်း၊  Hand Speaker များ ဖြင့်လည်းကောင်း ယမန်နေ့ နံနက်(၁၀) နာရီအချိန်မှစတင်၍ ဆော်သြလျက်ရှိကြောင်း သိရှိရသည်။

COVID-19နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၌ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော COVID-19 ရောဂါ အတည်ပြုလူနာများ တွေ့ရှိခဲ့ရပြီး ၎င်းတို့မှတစ်ဆင့် အခြားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ပျံ့နှံ့ကူးစက်ခံရသူ များပြားလျက်ရှိသည့်အတွက် ရှမ်းပြည်နယ် အတွင်းသို့ အခြားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များမှ ဝင်ရောက်လာသူ များသည် သက်ဆိုင်ရာဒေသ၏ ထောက်ခံချက်များ ယူဆောင်လာရမည် ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိသူများနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှု များပြားသည့် မြို့နယ်များမှ လာရောက်သူအားလုံး ပြင်ဆင်ထားသော Community Based Facility Quarantine နေရာများသို့ ဝင်ရောက်၍ (၁၄)ရက် နေထိုင်ပြီး ဓာတ်ခွဲနမူနာ(၂)ကြိမ် ရယူစစ်ဆေး ရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက Home Quarantine (၇)ရက်နေထိုင်ရ မည်ဖြစ်ကြောင်း၊ ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အတည်ပြုပြီးမှသာလျှင် ဆက်လက်ထွက်ခွာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အတွင်းရှိမြို့နယ်များတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် နေ့စဉ် ည (၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့်များကို ဆက်လက်ထားရှိဆောင်ရွက်မည်ဖြစ်ပြီး လိုက်နာ ဆောင်ရွက် မှုမရှိပါက တည်ဆဲဥပဒေအရ အရေး ယူခြင်းခံရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိနေအိမ်အတွင်း နေထိုင်ခြင်း၊ လူစုလူဝေးဖြင့် ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်၊ အခမ်းအနားများပြုလုပ်ခြင်းမှ ရှောင်ကျဉ်ရမည်ဖြစ်ကြောင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် လည်းကောင်း၊ စားသောက်ဆိုင်၊  လက်ဖက်ရည်ဆိုင်နှင့်  ဈေးများ၌ ဈေးရောင်း/ဈေးဝယ် ပြုလုပ်ရာတွင် လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ Mask ကို တပ်ဆင်ရန်၊ လက်ကို စနစ်တကျဆေးရန်၊ Social Distancing ကို တိတိကျကျလိုက်နာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အသိပေး ကြေညာချက်များကို မြန်မာဘာသာ၊ ရှမ်းဘာသာ(၂)မျိုးဖြင့် လှည့်လည် ဆော်သြလျက်ရှိကြောင်း သိရသည်။

မိုင်းပန်(ပြန်/ဆက်)