ကမာရွတ်မြို့နယ်တွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများအား ဆက်လက်ထိုးနှံ​ပေး

ကမာရွတ် ​ဇွန် ၈

ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(AstraZeneca) ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ယမန်နေ့နံနက် ၉ နာရီက ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပြီး ကမာရွတ်မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေး ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (AstraZeneca)ကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

စိမ်းလဲ့ (ပြန်/ဆက်)