မိတ္ထီလာမြို့နယ်တွင် မိုးနှောင်းနေကြာ ၁ဝဝ ဧက လျာထားစိုက်ပျိုးမည်

မိတ္ထီလာ ဇွန် ၈

မိတ္ထီလာမြို့နယ်တွင်  နေကြာမျိုးကောင်းမျိုးသန့်ရရှိစေရန် မိုးနှောင်းနေကြာ ၁ဝဝ ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းထံက သိရသည်။

“ယခုနှစ် မိုးနှောင်းရာသီကာလမှာ နေကြာမျိုးကောင်းမျိုးသန့် ရရှိစေရန်ရည်ရွယ်ပြီး မိုးနှောင်းနေကြာ ၁ဝဝ ဧကကို မြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စုများမှာ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဒေသခံတောင်သူတွေအနေနဲ့ မိုးနှောင်းနေကြာစိုက်ပျိုး ဖို့အတွက် မျိုးစေ့လိုအပ်ချက်ရှိရင်လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှာ နေကြာဧက ၅ဝဝ စိုက်ပျိုးနိုင်ဖို့လုံလောက်တဲ့ မျိုးစေ့တွေ အဆင်သင့်ရှိပါတယ်။  မိုးနှောင်းနေကြာစိုက်ပျိုးရန် မျိုးစေ့လိုအပ်ချက်ရှိတဲ့ တောင်သူများအနေနဲ့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကို ဆက်သွယ်နိုင်ပါတယ်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မြို့နယ်အတွင်း ရာသီအလိုက် သီးနှံများစိုက်ပျိုးအောင်မြင်နိုင်ဖို့ အတွက် ဒေသခံတောင်သူများထံကို   စိုက်ပျိုးတဲ့ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးမောင်မောင်ငြိမ်းက ပြောခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံကို ပျဉ်သာ၊ အုတ်နှဲဘုတ်၊ အင်းပက်လက်၊ ရွှေတောင်၊ ကျောက်ဖြူကုန်း၊ ညောင်ကိုင်း၊ ဥယျာဉ်၊ ညောင်ဇောက်၊ ဝါးရုံ၊ အိုင်ကြီးလည် စသည့်ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

ချမ်းသာ