မိုးမိတ် ဇွန် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်ကျောင်း၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ သွေးအတွင်းရှိ အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများကို ဦးစွာဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဝင်းလှိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ ၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြပြီး ကျန်ရှိနေသောအခြေခံပညာကျောင်းမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအားလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးစည်သူဌေး(ဓါတ်ပုံကျွမ်းကျင်-၂)