သိန္နီမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအခမ်းအနားကျင်းပ

သိန္နီ    ဇွန်     ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟောပြောပွဲအခမ်းအနားကို သိန္နီမြို့ အထက(၁)ရှိ ရွှေစင်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက အဖွင့်အမှာစကားပြောကြားခြင်း၊ သိန္နီမြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူးဝင်းကိုကိုက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးနှင့်ပြစ်မှု/ပြစ်ဒဏ်များအားလည်းကောင်း၊ ဒုရဲမှူး အောင်သန်းဌေးက မူးယစ်ဆေးဝါး အမျိုးအစားများနှင့် ကျောင်းသားလူငယ်များရှောင်ရှားရမည့် နည်းလမ်းများအားလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြသည်။ ဆက်လက်၍ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာမှုအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲရသော အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူ၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ထိခိုက်သည့် ဆိုးကျိုးအန္တရာယ်များအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲ အခမ်းအနား သို့ သိန္နီမြို့ အထက(၁) မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ