မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း မော်တော်ယာဉ်လိုင်းများ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းတုံ စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း မော်တော်ယာဉ်လိုင်းများ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ပြေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက်(၈)နာရီ က ငန်းရိုင်းမော်တော်ယာဉ်ကားဂိတ်တွင် ပြုလုပ်ခဲ့သည်။

 အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေအောင်က ယခုကာလသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလဖြစ်သည့်အပြင် မိုင်းတုံမြို့နယ်တွင် ဆုံဆို့နာရောဂါမှာ ကပ်ရောဂါ အသွင်ဖြစ်ပွားနေသည့်အတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးတွင် ပူးပေါင်း ဆောင်ရွက်သည့် အနေဖြင့် မော်တော်လိုင်းများမှ ယာဉ်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ခရီးသည်များ တင်ဆောင်ရေး၊ ကန့်သတ်နယ်မြေများမှ ခရီးသည်များအား တင်ဆောင်လာမှုမရှိစေရေးနှင့် မြို့ဝင်/ထွက်ဂိတ်များရှိ စစ်ဆေးရေးတာဝန်ကျဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးရေးတို့ကို ရှင်းလင်းပြောပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ထွန်းက မြို့ဝင်/ထွက်ဂိတ်များတွင် နေ့စဉ်စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မော်တော်ယာဉ်လိုင်းများမှ ရောဂါကာကွယ်ရေးလုပ် ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

အဆိုပါအစည်းအဝေးသို့ ငန်းရိုင်း၊ ဒို့ညီနောင်၊ ရွှေလပြည့်ဝန်း၊ လပြည့်ဝန်း၊ ရှမ်းမင်းသား၊ ရှမ်းရွှေမြေ၊ မိုးပျံနှင့်ရွှေကျားဖြူ မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ)