ကျိုက်ထို ဇွန် ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဖြိုးဝင့်ကိုက နွားမွေးမြူရေး၊ ဝက်မွေးမြူရေး၊ ကြက်မွေးမြူရေး၊ ဆိတ်မွေးမြူရေး အစရှိသည့် မွေးမြူရေး တိရစ္ဆန်များနှင့်ပတ်သက်၍ ကူးစက်ရောဂါများအကြောင်း ရှင်းလင်းပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဇော်လတ်က မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် ကုန်ထုတ်လမ်း၊ ကုန်ထုတ်တံတား၊ ရေပေးရေးလုပ်ငန်း၊ မီးလင်းရေး၊ ကျေးလက်အိမ်ယာ တည်ဆောက် ပြုလုပ်ပေးသည့် လုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးနေသည့်အတွက် ယခုအသက်မွေးဝမ်း ကျောင်းအထောက်အကူပြု သင်တန်း အားဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
အဆိုပါ သင်တန်းသို့ကျူချောင်ကျေးရွာ ဝင်းပြန်ကျေးရွာ၊ ကွင်းကလေးကျေးရွာ၊ အင်းဝကျေးရွာ တို့မှသင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတက်ရောက်ပြီး သင်တန်းနည်းပြ (၃) ဦးတို့မှ အာဖရိကဝက်အပြင်းဖျားရောဂါ၊ အရေပြား အကျိတ်အနာရောဂါအကြောင်း၊ ကောင်းမွန်သော မိရိုဖလာမွေးမြူရေးအကြောင်း၊ မေထုံမဲ့သားစပ်ခြင်းနှင့် တိရစ္ဆာန်မှ ကူးစက်တတ်သည့် ရောဂါများအကြောင်းနှင့် ဆောင်ရန်ရှောင်ရန် မွေးမြူနည်းစနစ်များအကြောင်းတို့အား နံနက် (၉) နာရီမှညနေ (၄) နာရီထိ (၃) ရက် ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)