နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၇

နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့်လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၃)ခုနှစ်ရည်မှန်းချက်ပါ “အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင်လုပ်ကိုင်နေသည့် ကလေးလုပ်သားများအားဖယ်ရှားပြီး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေး၊ အသက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရန် စီမံဆောင်ရွက်ပေးရန်” ဟုလမ်းညွှန်ခဲ့သဖြင့် မိမိတို့အနေဖြင့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးကို ညွှန်ကြားချက်များနှင့်အညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီအတွင်းရေးမှူး၊ နေပြည်တော်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဲမွန်ရည်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)