မိုင်းဆတ် ဇွန် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူမှုရေးရာအသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး (၇)ရပ်ဖြစ်သည့် ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ ပြုစုစောင့် ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုရေးရာလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့်အတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပို့ချသည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်းရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ် ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်ပုံများ၊ အမျိုးသမီး အခွင့်အရေးများနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့်အရေးများနှင့် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှု စနစ်များ၊ လူမှုရေးဝန်ဆောင်မှုများ စသည့်သင်ခန်းစာများကို သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး အားတစ်ရက်တာသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)