သိန္နီမြို့၌ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများနှင့်တားမြစ်ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်

သိန္နီ ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ မှတ်ပုံတင်ဖျက်သိမ်းသောဆေးဝါးများ၊ ဓါတုပစ္စည်းများ ရောနှောထားသောဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက်(၈:၀၀)နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်တိုင်းရင်း ဆေးပညာဦးစီးဌာနက ဦးဆောင်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက သိန္နီမြို့မြို့မဈေးကြီးအတွင်းရှိ ဆေးဆိုင်များနှင့် သိန္နီမြို့အတွင်းရှိ ဆေးဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် သိန္နီမြို့ မြို့မဈေးကြီးအတွင်းရှိ ဆေးဆိုင်များနှင့် သိန္နီမြို့အတွင်းရှိ ဆေးဆိုင်များတွင် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ ဆက်လက်ထုတ်လုပ်မှုမရှိသဖြင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်ကတ်ပြားမူရင်းများ လာရောက်အပ်နှံထားသည့် ဆေးဝါးအမှတ် တံဆိပ်များဖြစ်ကြသည့် အောင်သုခရတနာ၊ ရွှေကြယ်စင်၊ ဇေတော်ဝင်၊ ရွှေနန်းတော်ဝင်၊ ပန်းသခင်၊ အံ့ဩမောင်၊ ဦးတုတ်ကြီး၊ အင်ကြင်းပန်း၊ မိချောင်း၊ ပန်းမြတ်သူ၊ မော်၊ ဘိုးသက်ရှည်၊ အောင်ချမ်းသာ၊ ပေါက်ရှူ၊ သစ္စာနှင့် မြသီတာအမှတ်တံဆိပ် ဆေးဝါးများရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်းကို သိန္နီမြို့ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ဒေါ်သူဇာဝင်း (တာဝန်ခံ)ထံမှ သိရှိရသည်။

စောဥမ္မာ(သိန္နီ)