ပင်းတယမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ပင်းတယ ဇွန် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တမဲကျေးရွာအုပ်စုတောင်သူများကို ၂၀၂၂ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယမန်နေ့(ဇွန်လ ၆ရက်)နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိသည်။

 မိုးစပါးနှင့်အစေ့ထုတ်ပြောင်းစရိတ် ချေးငွေထုတ်ချေးသည့် တမဲကျေးရွာမှ တောင်သူများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှစိုက်ပျိုးစရိတ်စနစ်တကျ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များကို ဘဏ်ခွဲမန်နေဂျာကရှင်းလင်းပြောကြားပေးခဲ့ပြီး၊ စိုက်ပျိုးတောင်သူ(၈၉) ဦးတို့က မိုးရာသီသီးနှံစိုက်ပျိုးနိုင်ကြရန် တင်ပြလာသောမိုးစပါးဧက(၃၈၄)ဧက၊ မြေပဲစိုက်ပျိုးဧက (၃၈)ဧက၊ အစေ့ထုတ်ပြောင်း(၁၉)ဧက၊ စုစုပေါင်းစိုက်ပျိုးဧကပေါင်း(၄၄၁)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းကျပ်ငွေသိန်းပေါင်းခြောက်ရာသုံးဆယ့် သုံးသိန်း(၆၃၃၀၀၀၀၀)အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပင်းတယ မြို့နယ်ရှိဒေသခံစိုက်ပျိုးတောင်သူများအနေဖြင့် စားနပ်ရိက္ခာဖူလုံစေရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့်လူမှုစီးပွားဘဝတိုးတက်ရေးတို့ကို ရည်ရွယ်၍ လယ်ယာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။

အေးအေးလတ်