စစ်တွေ ဇွန် ၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ကျောက်ဖြူကျောက်တစ်လုံး IDPs စခန်း ပိတ်သိမ်းရွှေ့ပြောင်းနိုင်ရေး ဆောင်ရွက်နေမှုနှင့် ကျောက်ဖြူမြို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်း ဆောင်ရွက် ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တစ်လုံး IDPs စခန်း ပိတ်သိမ်းရွှေ့ပြောင်းနိုင်ရေးအတွက် နေအိမ်များဆောက်လုပ်နေမှု လျှပ်စစ်မီး၊ အိမ်ရာပတ်လမ်း၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဆရာ၊ ဆရာမများနေအိမ်များ ဆောင်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုကြသည်။ ထိုသို့ လှည့်လည် ကြည့်ရှုစဉ် ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အိမ်ရာအလုံး (၂၉၇)လုံး ဆောက်လုပ်ပြီးစီးနေမှု၊ လျှပ်စစ်မီး၊ အိမ်ရာပတ်လမ်းနှင့် ရေနှုတ်မြောင်းများ ဆောင်ရွက်ပြီးစီးနေမှုတို့ကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လိုအပ်သည် များကို ပေါင်းစပ်ညိှနှိုင်း ဆောင်ရွက်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်များနှင့်အဖွဲ့သည် ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ခရိုင်ပြည်သူ့ဆေးရုံကြီး ဒေါက်တာ ရဲလွင်မောင်က ဆေးရုံကြီးအတွင်း ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တိုးချဲ့ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှုနှင့် ဆေးရုံအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများသည် ကိုဗစ် - ၁၉ ရောဂါကာလအတွင်း ကြိုးစားဆောင်ရွက်မှုများ၊ ကိုဗစ်အလွန် ကာလများတွင် စေတနာထားဆောင်ရွက်နေမှုများကို အသိအမှတ်ပြုပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည် မိမိတို့ကျွမ်းကျင်သောပညာဖြင့် ပြည်သူများ၏ကျန်းမာရေးကို ပြုစုစောင့်ရှောက်နေသူများ ဖြစ်သည့်အတွက် ကြောင့် မေတ္တာစေတနာထားကာ ဆက်လက်ကြိုးစား လုပ်ဆောင်ပေးကြစေလို ကြောင်းပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်သည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီးအတွင်းလှည့်လည်ကြည့်ရှုကာ ကလေး ကုသဆောင်၌ တက်ရောက်ကုသနေကြသော ကလေးငယ်များအတွက် အဟာရဖြည့်စွက်စာများ ပေးအပ်ထောက်ပံ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ရေငံပုဇွန်သားဖောက်စခန်း၌ ရေချိုပုဇွန်လုံး များ စမ်းသပ်သားဖောက်မွေးမြူရေးလုပ်ငန်း အောင်မြင် ဖြစ်ထွန်းနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)