သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဒီရေတောစိုက်ပျိုးပွဲ ခရမ်းမြို့နယ်၌ကျင်းပ

သန်လျင် ဇွန် ၇  

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ရေကျော်-ဘိုကလေး ဒီရေတော ကြိုးပြင်ကာကွယ်တောအတွင်း ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ကကျင်းပခဲ့သည်။

အဆိုပါဒီရေတောသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူးဦးဆောင်၍ သန်လျင်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ရေကျော်နှင့်ဘိုကလေးကျေးရွာတို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများစုပေါင်း၍ လမုနှင့် သမဲ့ဒီရေတောသစ်ပင်(၁၅၀၀)ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးကြသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနအနေဖြင့် ရေကျော်-ဘိုကလေး ကြိုးပြင်ကာကွယ်တောအတွင်း ဒီရေတောသစ်ပင်စိုက်ပွဲတော်ကျင်းပခြင်းသည် ပင်လယ်ကမ်းရိုးတန်းဒေသ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်သည့် အစိမ်းရောင်တံတိုင်းများ (Green Shield) တည်ထောင်ဖွံ့ဖြိုးစေခြင်းဖြင့် ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ရန်၊ ပတ်ဝန်းကျင်နှင့်သဘာဝအခြေအနေများ ပြုစုထိန်းသိမ်းခြင်းဖြင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖွံဖြိုးရေးကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ စိုက်ပျိုးပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ၏ ပြောကြားချက်အရ သိရသည်။

ခရိုင် (ပြန်/ဆက်)