ငွေသဇင်ဖောင်ဒေးရှင်း ပထမအကြိမ် စာပေဆုချီးမြှင့်ပွဲ ကျင်းပ

သံတွဲ ဇွန် ၇

ရခိုင်ပြည်နယ်၊ ဒွါရာဝတီ သံတွဲမြို့ ငွေသဇင်ဖောင်ဒေးရှင်းက ကြီးမှူးကျင်းပသည့် ပထမအကြိမ် ငွေသဇင်စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂ နာရီက သံတွဲမြို့ အောင်မြေသာစည် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငွေသဇင်ဖေါင်ဒေးရှင်းနာယက ပုလဲရတနာဆရာတော် ဘဒ္ဒန္တဣန္ဒြာစာရက အဖွင့်ဩဝါဒ စကားချီးမြှင့်တော်မူပြီး ဒုတိယနာယက အောင်မြေသာစည်ပရိယတ္ထိစာသင်တိုက်ဆရာတော်က အဖွင့်အမှာစကား ပြောကြားတော်မူခဲ့သည်။ ထို့နောက် ငွေသဇင်ဖေါင်ဒေးရှင်းအတွင်းရေးမှူး ဦးခင်မောင် (အောက်စီဂျင်-ခေတ္တလုပြည်)က ငွေသဇင်ဖေါင်ဒေးရှင်း စတင်ပေါ်ပေါက်လာပုံတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာပေထူးချွန်ဆုများကိုချီးမြှင့်ရာ ဂန္တဝင်ကဗျာဆုကို အောင်သာဆန်း (သံတွဲ)က ၂၀၂၁ခုနှစ်၊ မြောက်ဦးမဂ္ဂဇင်းအမှတ်(၆)ပါ “မတူညီသောအစွန်းတရားများ” ကဗျာဖြင့်လည်းကောင်း၊ ဆောင်းပါးဆုကို ဆရာဓညဦးက မြောက်ဦးမဂ္ဂဇင်းအမှတ်(၆)ပါ “ ပျောက်လားသောသူများကို ရှာကြည့်ခြင်း” ဖြင့်လည်းကောင်း၊ ဝတ္ထုဆုကို ဆရာလင်းအိမ်က စိုင်းတင်ရင်ခွင်မဂ္ဂဇင်းအမှတ် (၁)ပါ “မူရင်းမဲ့မိတ္တူ” ဖြင့်လည်းကောင်း၊ ခေတ်ပေါ်ကဗျာဆုကို  မောင်ခိုင်အောင်က ရခိုင်မဂ္ဂဇင်းအမှတ်(၄၂)မှ “ မိုင်း” ကဗျာဖြင့် အသီးသီးရရှိကြသွားကြကြောင်း သိရသည်။

အဆိုပါဆုများကို ၂၀၂၁ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ထုတ်ဝေခဲ့သည့် လက်လှမ်းမီနိုင်သမျှ မဂ္ဂဇင်းများကို စုစည်း၍ ငွေသဇင်စာပေဆုရွေးချယ်ရေးကော်မတီမှ စုပေါင်းရွေးချယ် ချီးမြှင့်ခြင်း ဖြစ်သည်။ ထို့အပြင် တန်ခိုးဆရာထွန်းစာပေဆု (၃)နှစ်ဆက်ရရှိခဲ့သည့် ဆရာမမေလှိုင်းဖြူအား ငွေသဇင်ဖေါင်ဒေးရှင်းက ဂုဏ်ပြုဆုများကို ထပ်ဆင့် ချီးမြှင့် ပေးခဲ့သည်။  အဆိုပါဆုများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးလှဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေါက်တာစိုးမြင့်၊ ငွေသဇင်ဖေါင်ဒေးရှင်းဥကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ငွေသဇင်စာပေဆု ရွေးချယ်ရေးကော်မတီများက ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြပြီး ငွေသဇင်ဖေါင်ဒေးရှင်းဥက္ကဋ္ဌ  ဦးသိန်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)