တာမိုးညဲ စက်တင်ဘာ ၇
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ပြည်သူလူထုများ ကျန်းမာရေးလမ်းညွှန်ချက်များကို စနစ်တစ်ကျလိုက်နာဆောင်ရွက်နိုင်ရန် အတွက် ယနေ့ နံနက်(၈)နာရီခွဲအချိန်ခန့်က တာမိုးညဲမြို့တွင်း၌ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ဌာနဆိုင်ရာများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါအသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို တာမိုးညဲမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဖြူစင်မေတ္တာနာရေးကူညီမှုအသင်းတို့ပူးပေါင်းပြီး တာမိုးညဲမြို့တွင်းရှိ လူစည်းကားရာ နေရာများနှင့် နေရာအနှံ့တို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုများအနေဖြင့် မဖြစ်မနေ သိသင့်သင့်ထိုက်သည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စနစ်တစ်ကျ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များစသည့် အသိပညာပေး လုပ်ငန်းများကို လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့သည်။
ဆက်လက်ပြီး တာမိုးညဲမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးကော်မတီမှ အရှိန်အဟုန် မပျက် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုများအနေဖြင့်လည်း ကြိုတင်ကာကွယ်ကာကွယ်ရေးလုပ်ငန်းများကို လိုက်နာ၍ ဝိုင်းဝန်းပူးပေါင်းနိုင်ရန်အတွက် အသိပညာပေးပိုစတာများကပ်ထားခြင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများနှင့် ပရဟိတအသင်းအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)