လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၇
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram) ကို ယနေ့နံနက် ၉ နာရီက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ မြို့နယ်အခြေခံပညာရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ဇွန် (၇)ရက်နံနက်ပိုင်း မှစတင်၍ အထက (၁၈)ကျောင်းနှင့် အမက(၃၃)ကျောင်းတို့တွင် KG တန်းမှ Gread-5 အထိ ကျောင်းသား / ကျောင်းသူများအား သက်ဆိုင်ရာအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ကို မိဘများ၏ သဘောတူညီမှုနှင့် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကြူကြူသင်း၊၊ မြို့နယ်ပညာရေးမှူး ဦးကျော်သိန်းထွန်းနှင့် ဆရာ၊ ဆရာမများက ကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ ဆေးထိုးရန် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများကို နောက်ရက်များတွင် သက်ဆိုင်ရာ အုပ်စုများ အလိုက်သတ်မှတ်ပြီး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေလွင်ကျော်(ပြန်/ဆက်)