မောက်မယ် ဇွန် ၇
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင် ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးကြပါစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာများတွင် တက်ရောက်ပညာသင်ကြားနေသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ကူးစက်ရောဂါပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ကွန်ကျိုင်းရပ်ကွက် အ.မ.က ၊ဆီဆုံရပ်ကွက်အ.မ.က၊ ကုန်းဆာ အ.မ.က၊ ကဒူးလေးအ.မ.က၊ နမ့်လွတ်အ.မ.က၊ ပုန်းအောင်အ.မ.က၊ ထီပျဉ်အ.လ.ကခွဲ၊ ထီဝါးဖေါ့ မူလွန်စသည့် ကာကွယ်ဆေးထိုးစုရပ် အသီးသီး၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးနိုင်ခဲ့ပြီး ယခုအခါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားသည့် အခြေခံပညာအဆင့် အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အထိ ကျောင်းသား/ကျောင်းသူများကို တရုတ်နိုင်ငံထုတ် Sinophram ကာကွယ်ဆေးအား ဆေးတစ်လုံးလျင် လူငါးယောက်နှုန်းဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က သွားရောက်ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)