မချမ်းဘော့မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် အန္တရာယ်ကင်း ပရိတ်တရားတော် နာယူပူဇော်ပွဲ ကျင်းပ

မချမ်းဘော့ ဇွန် ၇

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် ရုံးတွင်းအန္တရာယ်ကင်း ပရိတ်တရားတော် နာယူပူဇော်ပွဲကို  ယနေ့နံနက် ၁၀နာရီက အဆိုပါရုံးအဆောက်အအုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ (၁၀)နှစ်ပြည့်နှစ်ပတ်လည်နှင့် ရုံးတွင်းအန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲတွင် မချမ်းဘော့မြို့နယ် နောင်ခိုင်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက် ပဓာနနာယက မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယ အမှူးပြုသည့် ဆရာတော်ကြီးသုံးပါး ကြွရောက်တော်မူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဉာဏ်လင်းထွန်းနှင့် တာဝန်ရှိသူများတက်ရောက်ကာ အခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယထံမှ ငါးပါးသီလတော်မြတ်ကို ခံယူဆောက်တည်ပြီး ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များအား နာယူကြည်ညိုခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မချမ်းဘော့မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဌေးမြင့်တို့က ကြွရောက်တော်မူလာသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု အစုစုဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မချမ်းဘော့မြို့နယ်ရေခဲတောင်ကျောင်းတိုက် ပဓာန နာယက မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တ တိလောကမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ (၁၀)နှစ်ပြည့်နှင့် ရုံးအဆောက်အအုံ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူပူဇော်ပွဲ အနုမောဒနာတရားတော်အား ဟောကြားတော်မူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်ကြီးများအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ ဆက်)