ဒေးဒရဲ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေကိုချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ မိုးရှင်း (I.M.T) ရေးသားသည့် သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ စာအုပ်ပါ စိတ်ဓာတ်ကြံ့ခိုင်စေရန် အဖိုးတန်နည်းလမ်း(၄)မျိုး ဆောင်းပါးနှင့် စိတ်အာဟာရကို စာဖတ်ခြင်းဖြင့် ဖြည့်စွက်ပါ ဆောင်းပါးများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် ဦးသီဟထွန်းနှင့် တက်ရောက်လာသည့် ဝါသနာတူကလပ်အသင်းများက အဖွဲ့ဝင်များက အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေးဒရဲမြို့နယ်ရုံးအနေဖြင့် ပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်ရန်နှင့် စာပေကပေးသည့် အသိပညာဗဟုသုတများအား မိမိတို့၏ လူမှုဘဝတွင် အသုံးချနိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများအား တစ်လလျှင် (၂)ကြိမ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေဒေးသူ