မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့ထုတ်တောင်သူ(၂၁)ဦးအား (CERP)အရ ဒုတိယကြိမ် ထောက်ပံ့ငွေ(၃၂)သိန်းပေးအပ်

မူဆယ် စက်တင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ဒုတိယကြိမ်မျိုးစေ့ထုတ်တောင်သူ စုစုပေါင်း(၂၁)ဦးအား တစ်ဦးလျှင်(၆)သောင်းခွဲနှုန်းဖြင့် စုစုပေါင်း(၃၂)သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်ခန့်က မူဆယ်မြို့၊ နောင်လောင်း ကျေးရွာ အုပ်စု၊ နောင်လောင်းလူငယ်ဇရပ်ခန်းမ၌ တောင်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်နန်းလွင်လွင်စိန်က အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်က “မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်တဲ့အခါမှာ စပါးသီးနှံပင်ကြီးထွားမှုအဆင့်တွေ မတူညီတဲ့ မျိုးကွဲပင်၊ ပေါင်းပင်နဲ့ ပိုးမွှားကျရောက်နေတဲ့ အပင်တွေကို သေချာစစ်ဆေးပြီး နှုတ်ပယ်ရန်၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သီးနှံအရည်အသွေး ပိုမိုကောင်းမွန်လာဖို့ အတွက် (EM)ဖျော်ရည်ပြုလုပ် သုံးစွဲနည်းတွေနဲ့ ပတ်ဝန်းကျင်ညစ်ရမ်းမှု လျော့နည်းဖို့အတွက် သဘာဝမြေ အောင်း ပိုးသတ်ဆေး လက်တွေ့ပြုလုပ်သုံးစွဲနည်းတွေကို တောင်သူတွေအနေနဲ့ အလေးထား ဆောင်ရွက် ကြရန်” ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မျိုးကွဲနှုတ်ပယ်ခြင်းနှင့်မျိုးသန့်စင်ခြင်းအတွက် မျိုးစေ့ထုတ်တောင်သူများကို ဧက(၅၀)စာ အတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများက တောင်သူများထံ လက်ဝယ်အရောက်အသီးသီးပေးအပ်ပြီး ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ခရိုင်မြေအသုံးချ တာဝန်ခံ၊ ခရိုင်မျိုးစေ့တာဝန်ခံ၊ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံနှင့် တာဝန်ရှိသူတို့က တောင်သူများနှင့်အတူ မျိုးစေ့ထုတ်စိုက်ခင်းအောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ မျိုးစေ့ထုတ်တောင်သူများအား ပထမကြိမ်အဖြစ် ထောက်ပံ့ငွေစုစုပေါင်း(၄၁)သိန်းကျော် ထောက်ပံ့ပေးအပ်ခြင်း ကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၂၅)ရက်နေ့က မျိုးစေ့ထုတ်တောင်သူများထံ လက်ဝယ်ပေးအပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)