လယ်ဝေး ဇွန် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၂-ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ထုတ် ချေးငွေများကို မေလ (၁၆)ရက်နေ့က စတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါးတစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)နှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံ မြေပဲ၊နှမ်း၊ ပဲစိမ်းငုံ တစ်ဧကလျှင် ငွေကျပ်(၁၀၀၀၀၀)နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိရာ တောင်သူတစ်ဦးကို စိုက်ပျိုးမြေဧက (၁၀)ဧကအထိ ထုတ်ချေးနိုင်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ငွေကျပ်(၁၀၀)ကို တစ်နှစ်လုံးအတွက်(၅%) ပေးသွင်းရမည်ဖြစ်ပြီး သီးနှံစပါး ပေါ်ချိန်ပြန်ဆပ်သည့်အခါ အတိုးရင်းပေါင်းကာ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
လယ်ဝေးမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၂-ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ထုတ်ချေးငွေများကို မေလ(၁၆)ရက်မှ ဇွန်လပထမပတ်အထိ ကျေးရွာအုပ်စု(၉)အုပ်စုရှိ တောင်သူ(၅၆၉)ဦးအား ဧက(၂၂၂၆)ဧကကို ချေးငွေကျပ်သန်းပေါင်း(၃၃၃.၉၀)သန်းကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)