ငါန်းဇွန် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက ဇွန်လ ၃ ရက်နေ့မှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာတွင် ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်း (၁၂၇) ကျောင်းနှင့် ဘက (၁၀) ကျောင်း စုစုပေါင်း (၁၃၇) ကျောင်းမှ ဇွန် ၃ ရက်နေ့မှ ၆ ရက်နေ့ အထိ (၁၂၀၉) ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူ များအား သက်ဆိုင်ရာအခြေခံပညာကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)