တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းဆောင်ရွက်

တံတားဦး ဇွန် ၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/သူများအား ယနေ့နံနက် (၉) နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် သူငယ်တော်အခြေခံပညာအထက်တန်းကျောင် (ခွဲ) ၌ ဆက်လက်ထိုးပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများက အသက်(၅)နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ဦးတည်စု၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ဆေးထိုးပြီးသူများအား မိနစ် (၃၀) ခန့် စောင့်ကြည့်ခြင်းများ ဆောင်ရွက်ပေးကြသည်။

တံတားဦးမြို့နယ်အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ) (၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၈)ကျောင်း၊ မူလတန်းလွန် ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း(၆၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း(၉) ကျောင်း၊ စုစုပေါင်း (၁၃၀) ကျောင်းရှိရာ ဆေးထိုးစုရပ်များခွဲ၍ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့်သာ ကာကွယ်ဆေးထိုးနှံပေးကြောင်း တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းထံမှ သိရသည်။

ရဲတင့်