ညောင်ဦး ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီလေးကျေးရွာအုပ်စု၊ တက်မရေနံမြေတွင် ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်ရေနံ တွင်း မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။
အဆိုပါ တက်မရေနံမှော်အတွင်းရှိ ရေနံတွင်းမီးလောင်မှုဖြစ်စဉ်မှာ ရေနံတွင်းပိုင်ရှင် ဦးကျော်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကွင်းအမှတ် (၁၈၀၅) အရာတော်ကွင်း၊ လုပ်ကွက်အမှတ် (က/၁၆) တွင် ယာဉ်မောင်းဦးထိန်လင်းအောင်တို့သည် ရေနံစိမ်းသိုလှောင်ကန်အတွင်းမှ ရေနံစိမ်းများ ထုတ်ယူရန်အတွက် ယာဉ်အမှတ် 8L/2696 Canter အဖြူရောင်ယာဉ်ပေါ်ရှိ အိတ်ဇောပိုက် တပ်ဆင်ထားခြင်းမရှိသော 30 HP ဝီလင်းအင်ဂျင်စက်အား စက်နှိုးစဉ်မီးပွားလွင့်စဉ်၍ ရေနံတွင်းမှထွက်ရှိသော Gas ဓာတ်ငွေ့နှင့်ထိတွေ့ကာ ရေနံတွင်းသို့ ကူးစက်လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် ဝါးကပ်မိုး၊ ရေနံခပ်တဲ (၁)လုံး၊ ရေနံစိမ်းပေပါ (၂၀)လုံး၊ ရေနံခပ် ကလပ်ခုံ(၁)လုံး၊ 30 HP ဝီလင်း အင်ဂျင်စက်(၁)လုံးနှင့် ရေနံခပ်ကြိုးတို့မီးလောင်ခဲ့ရာ ရေနံစိမ်းပေပါအလုံး(၂၀)၊ ရေနံခပ်ကလပ်ခုံ(၁)လုံးနှင့် အင်ဂျင်(၁)လုံးတို့ ဆုံးရှုံးခဲ့ကြောင်း၊ ယာဉ်မောင်း ဦးထိန်လင်းအောင် ခြေထောက်၊ ပေါင်၊ တင်ပါး၊ လက် ဘယ်/ညာတို့တွင် မီးဟပ်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိသဖြင့် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိပြီး အခြားလူ/တိရစ္ဆာန်များနှင့်ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုမရှိခဲ့ ကြောင်းသိရသည်။
တက်မရေနံမှော် ရေနံတွင်းမီးလောင်ရာသို့ ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်(လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး နှင့်အုပ်ချုပ်မှုယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ (ဦးစီးအရာရှိ)၊ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်(၈)ဦးနှင့်မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ စဉ့်ကူနယ်မြေမီး သတ် စခန်းမှ စခန်းတာဝန်ခံဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး နှင့်ရေသယ်ယာဉ်(၁)စီး၊ မြို့ပေါ်မှအရန်မီးသတ်တပ်ဖွဲ့ (၂၀)ဦး၊ စုစုပေါင်းအင်အား(၅၀)ဦးတို့ဖြင့် ရေနံတွင်းနှင့်ရေနံတွင်း အနီးရှိ ရေနံခပ်တဲ၊ရေနံစိမ်းသိုလှောင်ကန်တို့အား မီးငြှိမ်းသတ်ကြရာ မီးသတ်တပ်ဖွဲ့ဝင်များမှ 50kg(၁) လုံး၊ 25kg (၄)လုံး၊ 3kg (၅)လုံး၊ foam ဆေးရည် ဂါလံ (၃၀)၊ ရေဂါလံ (၇၀၀၀)ခန့်ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅နာရီအ ချိန်ခန့်တွင် မီးလုံးဝ ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြား၍ သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါ့ဆစွာမီးလောင်မှုဖြစ်စေခဲ့သူ ဦးထိန်းလင်းအောင်အား စဉ့်ကူနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
ကိုကြေးမုံ