ကချင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအလားအလာရှိသော နေရာဒေသများ၊ လုပ်ငန်းများ ပေါ်လွင်ထင်ရှားစေသည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဗီဒီယိုကို ရိုက်ကူးထုတ်လွှင့်၍ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ဖိတ်ခေါ်နိုင်ရေးညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇွန် ၇

ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအလားအလာရှိသော နေရာဒေသများ၊ လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ဆွဲဆောင်ဖိတ်ခေါ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ (Kachin State Investment Opportunities) ဗီဒီယို ရိုက်ကူးထုတ်လွှင့်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင်ပါဝင်သည့် ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး ဦးတည်ချက်နှင့်အညီ မိမိတို့ပြည်နယ်ကို သဘာဝအရင်းအမြစ်များပေါ်လွင် ထင်ရှားပြီး ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများကို ဖော်ထုတ်ပြသနိုင်ရေးအတွက် ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ (Kachin State Investment Opportunities) ဗီဒီယိုရိုက်ကူး ထုတ်လွှင့်ပြီးဆွဲဆောင်ဖိတ်ခေါ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဗီဒီယိုရိုက်ကူးရေး စီမံချက်(မူကြမ်း) ရေးဆွဲဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ကယားပြည်နယ်မှ ရိုက်ကူးထားသည့် ဗီဒီယိုကလစ်ကို ဖွင့်လှစ်ပြသရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းရှိသည့် နေရာဒေသများ၊ ရိုက်ကူးတင်ဆက်ရာတွင် ပါဝင်သင့်သည့် အကြောင်းအရာအချက်များကို သုံးသပ်အကြံပြုဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံနိုင်သည့် ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသည့်လုပ်ငန်းများအပြင် ပြည်နယ်၏ဆွဲဆောင်မှုရှိသည့် နေရာဒေသ အလှအပများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကိုပါ အဆင့်မြင့်မြင့် ထည့်သွင်းရိုက်ကူးပြသနိုင်ရေး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်