မိုင်းခုတ်မြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်ထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ဆက်လက်ထိုးနှံပေး

မိုင်းခုတ် ဇွန် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု လွမ်းခြုံမှုရှိစေရန် အသက်(၅) နှစ်မှ (၁၂)နှစ်ထိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (ပထမအကြိမ်)ထိုးနှံပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် ဆရာ၊ ဆရာမများက သတ်မှတ်ပုံစံတွင် စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏ အဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား(၆၉)ဦးနှင့် ကျောင်းသူ(၆၄)ဦး၊ ပေါင်း(၁၃၃)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်စုရပ်နေရာများတွင် သတ်မှတ်နေ့ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)