မိုင်းပျဉ်းမြို့၌  အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

မိုင်းပျဉ်း ဇွန် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အထကကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီမှစ၍ အဆိုပါကျောင်း စာသင်ကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းပျဉ်းမြို့၊ အထကစာသင်ကျောင်း၏ ၂၀၂၂−၂၀၂၃ ပညာသင်နှစ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် ပထမအကြိမ်အဖြစ် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို သက်ဆိုင်ရာအတန်းအလိုက် ဆရာ/မများက  မိဘအုပ်ထိန်းသူများ၏ ဆန္ဒသဘောထားများရယူကာ သတ်မှတ်ပုံစံတွင် စာရင်းရေးသွင်း၍ ကျန်းမာရေးဌာနဝန်ထမ်းများက ကိုဗစ်−၁၉ရောဂါကာကွယ်ရေး စည်းကမ်းများနှင့်အညီ  ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

မိုင်းပျဉ်းမြို့နယ်အနေဖြင့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို မိုင်းပျဉ်းမြို့နယ်၊ ကျေးရွာအုပ်စုများရှိ ကျေးရွာများအလိုက် အခြေခံပညာကျောင်းများတွင် သတ်မှတ်ရက်များအလိုက်  ၆−၆−၂၀၂၂ ရက်နေ့မှ ၁၉−၆−၂၀၂၂ ရက်နေ့အထိ (၂)ပတ်ကြာအထိ ကျန်းမာရေးဌာနဝန်ထမ်းများမှ အစီအစဉ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)