ကော့မှူး ဇွန် ၇
ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်ရောင်းချမှုဖြင့် ယနေနံနက် ၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ရှေ့တွင် ဆန်၊ ဆီ ကြက်ဥများ လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
ထိုသို့ လာရောက်ရောင်းချပေးရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်စေရေးအတွက် ဧည့်မထတစ်ပြည်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ဖြင့် ဆန်အိတ် (၇၅) အိတ်အား လည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင် ၁၇၀၀ကျပ်နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ ဖြင့် ဆန်(၇၅)အိတ်လည်းကောင်း၊ ဆီငါးဆယ်သားတစ်ဘူးလျှင် ငွေကျပ် ၂၉၀၀နှုန်းဖြင့် ဆီ(၄၀၀)ဘူးတို့အား လည်းကောင်း၊ ကြက်ဥဆယ်လုံးတစ်ကတ်ကို ၁၇၀၀ကျပ်နှုန်းဖြင့် ကြက်ဥကတ်(၅၀)ကတ်တို့အား လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားဈေးကားဖြင့် လာရောက်ရောင်းချပေးမှုအပေါ် မြို့နယ်နေပြည်သူတစ်ဦးဖြစ်သူ ဒေါ်အေးသိန်းက အခြေခံစားသောက်ကုန်ပစ္စည်းများကို ယခုလို ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးသည့်အတွက် မြို့နယ်နေ ပြည်သူများအတွက် အရမ်းကို အဆင်ပြေမှုရှိပါတယ်၊ နောင်လည်း ယခုလို လာရောက်ရောင်းချပေးစေချင်ပါတယ်၊ ယခုလို ရွေ့လျားဈေးကားဖြင့် လာရောက်ရောင်းချပေးဖို့ စီစဉ်ပေးသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဟု ပြောကြားခဲ့သည်။
ကျော်သူရ (ပြန်/ဆက်)