မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ  ဆောင်ရွက်

မိုင်းလုံ စက်တင်ဘာ  ၆

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည(၆)နာရီ အချိန်ခန့်က  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းက ဦးဆောင်၍ မိုင်းလုံမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ရပ်ကွက်အတွင်း လိုက်လံနှိုးဆော်ရာတွင် မြန်မာနိုင်ငံသည် ၂၃.၃.၂၀၂၀ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ရောဂါကိုစတင်တွေ့ရှိခဲ့ပြီး ယခုပိုးတွေ့လူနာ ၆၁% ကျော်သည် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေခြင်းကြောင့် ပြည်သူများရောဂါပိုးကူးစက်မှု မရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူများသို့ ပန်ကြားချက်များ၊ အမိန့်ကြေငြာစာများ၊ ရပ်ကွက်အတွင်း နေထိုင်ကြသောပြည်သူများ အနေဖြင့် နေအိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask)များ မဖြစ်မနေ တပ်ဆင်ကြရန်၊ ပြည်ပပြန်များ၊ ရောဂါဖြစ်ပွားလျက်ရှိသော မြို့နယ်များမှ ပြန်လာသူများရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားပေးပါရန်နှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် အသံချဲ့စက်ဖြင့် လူစည်ကားရာ လမ်းဆုံ၊ လမ်းခွ နေရာများတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်  လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)