ဟိုပန်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အစည်းအဝေး ကျင်းပ

ဟိုပန် ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအစည်းအဝေးကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးရဲဝင်းထိုက်ဦးဆောင်၍ ယမန်နေ့မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတစ်ဝန်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပကလေးသူငယ်များအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဟိုပန်မြို့နယ်တွင်လည်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာ ထိုးနှံနိုင်ရေးအတွက် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်၊ ကျောင်းသားမိဘအုပ်ထိန်းသူများကို ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်သည်များအား နိုင်ငံတော်၏စေတနာကို နားလည်သဘောပေါက်အောင် အလေးထားရှင်းလင်းပြောဆို၍ ကျောင်းသား၊ သူများ၏ ကိုယ်ရေးအချက်အလက်များကို တိကျမှန်ကန်စွာ စာရင်းသွင်းကောက်ယူကြရန် လိုအပ်ကြောင်းနှင့်ကျောင်းများသို့ ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများက ဝိုင်းဝန်းကူညီပေါင်းစပ်ပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက ကလေးသူငယ်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းစီမံချက်နှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြချက်များအ​ပေါ်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးအဖွဲ့သုံးဖွဲ့ဖြင့် ထိုးနှံသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးမည့်ကျောင်းများ၊ ဆေးထိုးမည့်နေ့ရက်များ၊ ဆေးထိုးမည့်စုရပ်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ကလေးသူငယ်များအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာထိုးနှံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)