မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် မြို့လုံခြုံရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး ညှိနှိုင်းစည်းဝေးပြုလုပ်

မိုင်းငေါ့ ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် မိုင်းငေါ့မြို့လုံခြုံရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းညှိနှိုင်းစည်းဝေးကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်ခန့်က အဆိုပါစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအမှတ်(၁၀၁၁)နည်းဗျူဟာအဖွဲ့ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းက မိုင်းငေါ့မြို့လုံခြုံရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ လုံခြုံရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးများ သန့်ရှင်းသာယာလှပရေး ရုံးဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ဆောင်ရွက်သွားကြဖို့လိုကြောင်း၊ ဌာနဆိုင်ရာများ အလိုက်ဆောင်ရွက်ရမည့် လုပ်စဉ်များရှိပါက တင်ပြစေလိုကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်သူများအား ဆင်ချောင်းပုန်းရည်ကြီး အထုပ်များအား လက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးကြည်စိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများအလိုက် တင်ပြခဲ့ကြပြီး မိုင်းငေါ့မြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူး‌ရေးလုပ်ငန်းမှ “လျှပ်စစ်အန္တရာယ်သတိပေး” စာစောင်များအားဖြန့်ဝေပေးခဲ့ကြောင်းနှင့် သိရှိရပါသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)