ဆီဆိုင်၊ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျန်းမာရေးဌာန ဝန်ထမ်းများက စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာ ပေးလုပ်ငန်းများကို မြို့ပေါ် ၆ ရပ်ကွက်နှင့် ကျေးရွာလေးရွာသို့သွားရောက်၍ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆီဆိုင်မြို့နယ်အတွင်းရှိ မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာများဖြစ်သည့် ဟော်တောင်ကျေးရွာ၊ ဟော်မြောက်ကျေးရွာ၊ တခေါ့တန်ကျေးရွာနှင့် ဝါးတောကျေးရွာများသို့ သွားရောက်၍ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကာကွယ်နိုင်မည့် နည်းလမ်းများဖြစ်သည့် “ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောပါ၊ နှာချေချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင်ဖုံးအုပ်ပါ၊ တစ်ရှူးအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ် တကျ စွန့်ပစ်ပါ၊ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ၊ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ။ အာဟာရပြည့်ဝစွာ စားသုံးပါ။ ကောင်းစွာအိပ်စက် အနားယူပါ။ လူထူထပ်သည့်နေရာများသို့ သွားလာခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ တိရစ္ဆာန်များနှင့် အကာအကွယ်မပါဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ” စသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသံချဲ့စက်ဖြင့် နှိုးဆော်ပြီး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)