ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာ၌ မိုးစပါးမျိုးစေ့ တင်း(၁၀၀)ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ ဇွန် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ဘဲကုန်းတောင်ရွာ၊ စန္ဒိသုခဓမ္မာရုံ၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာနေတောင်သူများအား မိုးစပါးမျိုးစေ့ တင်း(၁၀၀) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်အဖွဲ့ဝင်ရဲမှူးကြီးကိုကိုလွင်၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးသန်းဇော်ထူး၊ စိုက်ပျိုးရေးဦးစီးဌာမှ တိုင်းဦးစီးမှူး ဦးဝင်းထိန်၊ ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစန်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်မှ အဖွင့်အမှာစကားပြောကြားရာ၌ “ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာမှာ စိုက်ပျိုးရေးကဏ္ဍသည်လည်း အခြေခံအကျဆုံး အချက်တစ်ခုဖြစ်ပါကြောင်း၊ တောင်သူဦးကြီးများအနေဖြင့် လိုအပ်သည့်နည်းပညာ၊ လိုအပ်သည့်အထောက်အကူများကို သက်ဆိုင်ဌာများမှမေးမြန်း၍ အကူအညီများရယူနိုင်ကြောင်း ပြောကြားခဲ့ပြီး နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်မှ လယ်၊ ယာ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်နှင့် တာဝန်ရှိသူများက တောင်သူများအား မိုးစပါးတင်း(၁၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပင်လောင်းလမ်းမကြီးဘေး(ယာဘက်)ရှိ သစ်စိမ်းမြေဩဇာ စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းကြည်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)