တောင်ကြီး ဇွန် ၆
၂၀၂၂ခုနှစ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇွန်(၃)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အသက်(၁၉)နှစ်အောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် ဘောလုံးပြိုင်ပွဲကြီး ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အတွင်းရှိ ဒေသများတွင် ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မားရေး၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိကာ ကျန်းမာပြီးကြံ့ခိုင်သော လူငယ်များအဖြစ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်လာစေရန်နှင့် နိုင်ငံဂုဏ်ဆောင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေလိုသည့် အတွက်ကြောင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွက် လူငယ်မျိုးဆက်သစ်များ ပိုမိုရွေးချယ်နိုင်ပြီး ထူးချွန်သည်ထက် ထူးချွန်အောင် စဉ်ဆက်မပြတ်လေ့ကျင့်ပြီး ပြည်နယ်ဂုဏ်၊ နိုင်ငံဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်မှာကြားလိုကြောင်း၊ ယခုယှဉ်ပြိုင်ကစားကြမည့် ဘောလုံးပြိုင်ပွဲတွင် အားကစားသမားများအနေဖြင့် အားကစားစိတ်ဓါတ်ကို အရင်းခံပြီး ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များကို နာခံ၍ ပြိုင်ပွဲကို ကြီးကြပ်မည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းစွာ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအတိုင်း တရားမျှတ မှန်ကန်စွာတိတိကျကျ ဆုံးဖြတ်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနုတ်ဆက်ကြပြီး ပြိုင်ပွဲပထမနေ့ ပွဲစဉ်အဖြစ် တာချီလိတ်ခရိုင်အသင်းနှင့် လားရှိုးခရိုင်အသင်းယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း(၁၅)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇွန်(၃)ရက်မှ ဇွန်(၁၃)ရက်ထိ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး တစ်ရက်လျှင်(၄)ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)