ကျောက်ဆည်၊ စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် (၄) ခန်းတွဲ၊ (၄) ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လျှက်ရှိရာ အဆိုပါလုပ်ငန်းများ ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် ယနေ့နံနက် (၁၀) နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ (၄) ခန်းတွဲ (၄) ထပ်ဝန်ထမ်းအိမ်ယာ အဆောက်အဦအား နိုင်ငံတော်မှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံ ငွေကျပ်သန်း(၂၀၀)၊ (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၇၅ ဒသမ ၃၉၉)၊ စုစုပေါင်းခွင့်ပြုရန်ပုံငွေကျပ်သန်း(၃၇၅ ဒသမ ၃၉၉)သန်းဖြင့် နှိုင်းယှဉ်မေတ္တာကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါလုပ်ငန်းများ (၁၀၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများအနေဖြင့် မိသားစုများနေထိုင်ရေးတွင် များစွာအဆင်ပြေတော့မည်ဖြစ်ပြီး လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ပိုမိုထိရောက်စွာ ထမ်းဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)