ရန်ကင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ

ရန်ကင်း ဇွန် ၆

ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကျန်းမာရေးကောင်းမွန်ပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် အနာဂတ်ပညာရေးအခွင့်အလမ်းကောင်းများ ရရှိလာစေရန်၊ မိမိကစ၍ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့နံနက် ၉:၀၀ နာရီက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိရာ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူ(၃၃၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။  

အဆိုပါ ရန်ကင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်ကိုစနစ်တကျဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီစောင့်ဆိုင်းစေခြင်းစသည့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် အ.ထ.ကကျောင်း(၂)ကျောင်း၊ အ.လ.က(၇)ကျောင်း၊ အ.လ.ကခွဲ(၁)ကျောင်း၊ မူလတန်းကျောင်း(၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(၂)ကျောင်း စုစုပေါင်း(၂၄)ကျောင်းရှိရာ စုရပ် ၄ နေရာခွဲ၍ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့်သာ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီးမှ ပြောကြားခဲ့သည်။

အိရွှေစင် ( ပြန်/ဆက်)