ဒဂုံတောင် ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားတိုးတက်စေရေးတို့အတွက် ယနေ့နံနက်(၀၇:၀၀)နာရီက မြို့နယ်စည်ပင်သာယာရေးကော်မတီကဦးဆောင်၍ စုပေါင်းသန့်ရှင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်အတွင်းရှိ အ.မ.က(၃)အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း အမြင်မတင့်တယ်မှုများရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများရှင်းလင်းခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ထို့သို့ရှင်းလင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်ကဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများမိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါများနှင့် ခြင်မှတစ်ဆင့်ကူးစက်တက်သော ရောဂါအန္တရာယ်များမှ ကင်းဝေစေရေး၊ ကျောင်းသား/ကျောင်းသူကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန်၊ မြို့နယ်သန့်ရှင်းသာယာလှပစေရေးနှင့် ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးအတွက် တံမြက်စည်းလှဲကျင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းများ၊ လမ်းနှင့်မလွတ်ကင်းသောခြုံနွယ်မြတ်ပင်များ ခုတ်ထစ်ရှင်းလင်းခြင်း၊ ရေဆိုးရေမြောင်းများဆယ်ယူခြင်းအစရှိသည်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့နောက် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန် (ဒဂုံတောင်)