သာကေတမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်စတင်ထိုးနှံ

သာကေတ ဇွန်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊‌ ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေး၍ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက်(၉:၀၀)နာရီ၌ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်းတွင်စတင်၍ ကျောင်းအခြေပြုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ပထမအကြိမ်အားစတင်ထိုးနှံ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါအမှတ်(၁၈)အခြေခံပညာမူလတန်း‌ကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ‌ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ်ထိုးနှံရန်စာရင်းရှိ(၅၁၅)ဦးအား စတင်ထိုးနှံဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်စီမံကွက်ကဲ၍ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပရဟိတလူမှုကူညီရေးအသင်းများ ပူးပေါင်း၍ဆေးထိုးနှံမည့်ကျောင်းသား၊ ကျောင်းသူများအားအပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ/ မရှိ၊ ကာကွယ်ဆေးများထိုးနှံထားခြင်းရှိ/ မရှိစနစ်တကျ စစ်ဆေးပြီးဆေးထိုးအဖွဲ့(၂)ဖွဲ့ခွဲ၍ ဆေးထိုးရန်အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူများအား စတင်ထိုးနှံ ဆောင်ရွက်လျက်ရှိသည်။

သာကေတမြို့နယ်ရှိပြည်သူများအား ကိုဗစ်-ရောဂါကာကွယ်ဆေး ထိုးနှံမှုရာနှုန်းပြည့်လွမ်းခြုံစေရန် အရှိန်အဟုန်မြှင့်ထိုးနှံဆောင်ရွက်လျက်ရှိရာ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပြီးသူ (၁၀၉,၁၀၃)ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ(၉၈,၃၇၁)ဦးရှိပြီး သာကေတမြို့နယ်ရှိအခြေခံပညာမူလတန်းကျောင်း(၄၅)ကျောင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 ဆောင်းနှင်းဖြူ (ပြန်/ဆက်)