မောက်မယ်မြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

မောက်မယ် ဇွန် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိများနိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုမျှတစေရန်ရည်ရွယ်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ  ယမန်နေ့နံနက်၉နာရီက ဟိုနမ့်ကျေးရွာအုပ်စု၊ ခူဝိန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝန်း၌ ၂၀၂၂−၂၀၂၃ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကိုကျင်းပခဲ့သည်။

ရှေးဦးစွာ မိုးနဲမြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးဖြိုးဝေစံက မိုးရာသီသစ်ပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျော့ချနိုင်စေရန်၊ ဂေဟစနစ်ဖွံ့ဖြိုး ခိုင်မာစေရေးအတွက် ရည်ရွယ်၍ ၂၀၂၂−၂၀၂၃ ခုနှစ် ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များအသီးသီးပေးအပ်ကာ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များစိုက်ပျိုးကြသည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၂၀၀)ပင်၊ စိန်ပန်းနီ(၁၅၀)ပင်၊ မယ်ဇလီ(၁၅၀)ပင်၊ ရေသင်းဝင် (၅၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင်၊ စုစုပေါင်း( ၆၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။  

စိုင်းမျိုးသန့်(မောက်မယ်)