မြောက်ဥက္ကလာပ ဇွန် ၆
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ဇွန် ၆ ရက် နံနက် ၉ နာရီက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ဇွန်(၆)ရက်နံနက်ပိုင်းမှစတင်၍ အ.ထ.က(၇)ကျောင်းနှင့် အ.မ.က(၄၇)ကျောင်းတို့တွင် KG တန်းမှ Gread-5 အထိ ကျောင်းသား/ ကျောင်းသူများအား သက်ဆိုင်ရာအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinophram)ကို မိဘများ၏ သဘောတူညီမှုနှင့် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကပ်ကျော်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလဲ့ညိုဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်နှင့် ဆရာ၊ ဆရာမများကကြည့်ရှု၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ဆေးထိုးရန်ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများကို နောက်ရက်များတွင် သက်ဆိုင်ရာအုပ်စုများအလိုက်သတ်မှတ်ပြီး ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)