မော်လမြိုင် ဇွန် ၆
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက် ၉ နာရီအချိန်တွင် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ အလုပ်သင် (နေ့စား)ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်နိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ အဆိုပါ သင်တန်းတွင် စီမံရေးရာနှင့် ဘဏ္ဍာရေးရာလုပ်ငန်းများအကြောင်း သိကောင်းစရာ၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်၊ ငါးရောဂါ၊ သက်ရှိအစာ မွေးမြူရေး၊ ရေအရည်အသွေး ထိန်းသိမ်းရေး၊ ရေချို ရေငန် ငါးသယံဇာတထိန်းသိမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် စီမံကိန်းလုပ်ငန်းများ၊ မျိုးသုဉ်းရှားပါးရေသတ္တဝါများထိန်းသိမ်းရေး၊ ရေထွက် ကုန်ပစ္စည်း သွင်းကုန်ပို့ကုန် လုပ်ငန်းများအား သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၆.၆.၂၀၂၂ ရက်နေ့မှ ၁၀.၆.၂၀၂၂ ရက်နေအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မော်လမြိုင် ခရိုင်ဦးစီးဌာနမှူး၊ သထုံခရိုင် ဦးစီးဌာနမှူး၊ ချောင်းဆုံမြို့နယ်တာဝန်ခံ၊ သထုံစခန်း တာဝန်ခံနှင့် ဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူ ၉ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)