တောင်ဥက္ကလာပ ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၂၈) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းဝန်းအတွင်း ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း ခြင်များပေါက်ပွားနိုင်သည့် ရေတင်ကျန်နိုင်သော ဗူး၊ ခွက်၊ တာယာဟောင်းများနှင့်စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ ကျောင်းဝန်းအတွင်း/အပြင် ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက်ဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ ရေစည်၊ ရေအိုးများနှင့်ရေသိုလှောင်ကန်များအတွင်း ခြင်များပေါက်ပွားမှုကင်းဝေစေရေးအတွက် အဘိတ်ဆေးများလိုက်လံခတ်ပေးခြင်း၊ စာသင်ဆောင်များအတွင်း ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်းစသည်ဖြင့် ကျောင်းသား၊ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ခြင်မှတစ်ဆင့်ကူးစက်ရောဂါများဖြစ်ပွားခြင်းမှ ကင်းဝေးပြီးကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)