ရမည်းသင်း ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၁၂)နှစ်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီကိုဗစ်ကာကွယ်ဆေးထိုးနှံလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့ပေါ်ရှိအခြေခံပညာ အထက်တန်းကျောင်းနှစ်ကျောင်း၊ မူလတန်းလွန်ကျောင်း တစ်ကျောင်း၊ မူလတန်းကျောင်း (၁၀) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၂၀၁၁)ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၂၃၅)ကျောင်းတွင်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၄၂၀၁၁)ဦးရှိပြီး၊ မြို့နယ်အတွင်းကျန်ရှိနေသည့် အခြေခံပညာကျောင်းများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကာ ကျောင်းပြင်ပအသက်(၅)နှစ်မှ (၁၂) နှစ်ကလေးငယ်များကိုလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)