ခရမ်း ဇွန် ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၁၈နှစ်နှင့် အထက်နှင့် အသက်၁၈နှစ်အထက်ပြည့်ပြီး၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီး ၆ လပြည့်ပြီးသူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရမ်းမြို့အမှတ်(၂) ကြေးသွန်းဘုရားကြီးအတွင်းရှိ သာသနဗိမ္မန်ဓမ္မာရုံကြီးတွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများကို၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောကဆီဂျင်လည်ပတ်မှုနှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ခရမ်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၁၃)ရပ်ကွက်နှင့် ကျေးရွာစုစုပေါင်း ၁၅၃ ရွာရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ဇွန် ၂ ရက်နေ့အထိ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ့ပြီးသူ ၉၂၀၀၁ ဦး နှစ်ကြိမ်ထိုးနှံ့ပြီးစီးသူ ၈၄၉၂၄ ဦးနှင့် တတိယအကြိမ် ထပ်ဆောင်းထိုးနှံပြီးစီးသူ ၃၁၄၅ ဦး အထိရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေ ချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း( ခရမ်း )