ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ

ပြင်ဦးလွင် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ယမန်နေ့၌ ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က(၁) ပြင်ဦးလွင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၂ ခုနှစ်၊ ဇွန် လ ၅ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအတွက် ကမ္ဘာ့ နိုင်ငံအသီးသီးက ခေါင်းဆောင်များက စတင်သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ်သည် နှစ် (၅၀) ပြည့်သည့် အချိန်အခါသမယလည်းဖြစ်ကြောင်း၊ ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ Only One Earth (တစ်ခုတည်းသော ကမ္ဘာမြေ) ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်အတိုင်း ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှစ၍ မိမိတို့သည် သဘာဝတရားနှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲစွာနေ ထိုင်ရန်နှင့် မူဝါဒများ၊တစ်ဦးချင်း၏ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ နေထိုင်နိုင်မည့်နည်းလမ်းရွေးချယ်မှုများမှတစ်ဆင့် ပိုမိုစိမ်းလန်းသော နေထိုင်မှုပုံစံသို့ အသွင် ကူးပြောင်းနိုင်ရေးအတွက် ဖြစ်နိုင်သမျှဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ တစ်ခုတည်းသော ကမ္ဘာမြေပေါ်တွင် လူသားများအနေဖြင့် ဆက်လက်ရှင်သန်ရေးသည် ပစ္စုပ္ပန်မျက်မှောက်ရှိ လူသားများမှ နောင်သားစဉ်မြေးစက်တိုင်အောင် သန့်ရှင်းကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ရေရှည်တည်တံ့ရေးကို လက်ဆင့်ကမ်းပေးနိုင်ရေး တစ်ဦးတစ်ယောက်ချင်းစီမှ ပါဝင်၍ အဖွဲ့အစည်းအလိုက် လှုပ်ရှားဆောင်ရွက်ကြပြီး သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းထိန်း သိမ်းရန် လိုအပ်ပကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်စား UNEP အမှုဆောင် ညွှန်ကြားရေးမှူး အန်ဂါအင်ဒါဆန်၏ သဝဏ်လွှာဖတ်ကြားသည့် Video Click အား ပြသခြင်း၊ “ONLY ONE EARTH” ပတ်ဝန်းကျင်ထိန်းသိမ်းရေး Video Click အား ပြသခြင်းနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)