ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

ပျဉ်းမနား ဇွန် ၆

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန်နှင့်‌ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်မှုမရှိကြသည့် ရပ်ကွက်/ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အ.ထ.က(သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာများသို့ သွားရောက်ငှားရမ်းပေးကြသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ယာယီရပ်နားထားရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးမှုနှုန်း လျော့နည်းကျဆင်း လာပြီဖြစ်‌သောကြောင့် ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာ‌ရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်၌ သုတ/ရသစာအုပ်(၂၀၀၀)ကျော်ပါရှိပြီး ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)