မံစီ ဇွန် ၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် (ဟန်ထက်-မန်သာ-စီအူ) ကားလမ်းဘေး နောင်ဟူး ကြိုးဝိုင်း အကွက်အမှတ် (၁၈) သစ်တောစိုက်ခင်း ပျိုးဥယျာဉ် ပင်မရှင်းလင်းဆောင်၌ ယနေ့ နံနက် ၉ နာရီက သဘာဝတောအတွင်း တောခုတ်မီးရှို့ခြင်းမှ ကာကွယ်ရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
သဘာဝတောများကို စည်းကမ်းမဲ့ တောခုတ်မီးရှို့ခြင်းကြောင့် သဘာဝတောများ ပျက်စီးကာ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဆိုးကျိုးအကြောင်းအရာများကို ပြည်သူများသိရှိနားလည်စေရန် နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ဒေသခံပြည်သူများ ပိုမိုပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ အဆိုပါ အသိပညာပေး ဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ပြီး ဟောပြောပွဲသို့ တက်ရောက်လာသည့် ဟန်ထက်ကျေးရွာနှင့် တုံပလွေကျေးရွာမှ ပြည်သူများကို မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက သဘာဝတောများပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ဆိုးကျိုးအကြောင်းအရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ပြည်သူထုအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် မြို့နယ်သစ်တော ဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ သည်။
မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ဒေသခံပြည်သူများ ပိုမို ပူးပေါင်းပါဝင်လာစေရန်အတွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်း၊ ပျိုးပင်များပြုစုပျိုးထောင်၍ ပြည်သူလူထုသို့ အခမဲ့ဖြန့်ဝေစိုက်ပျိုးစေခြင်း၊ ရွှေ့ပြောင်း တောင်ယာများ ပပြောက်စေရန် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးရွာသုံး ထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊ အသိပညာပေးဟောပြောခြင်း စသည့် လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)