ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ

ဒဂုံမြောက်   ဇွန်   ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်‌ကျောင်းများ၌ ‌တစ်ရက်လျှင် ကျောင်းသုံးကျောင်း၊ ဆေးထိုးစုရပ်(၃) နေရာခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းမှစတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးကို အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂၄) မူလတန်းလွန်ကျောင်း၊ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသားကျောင်းသူ (၇၅၇) စုရပ်(၃)နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးဌာနမှ သိရသည်။

ကျောင်းသားကျောင်းသူများ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင် စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ