မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းရှိ အသက်(၅)နှစ်မှအသက်(၁၂)နှစ်အထိ  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

မိုင်းခုတ် ဇွန် ၆

''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့'' ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးနှံပေးခြင်းကို ကျန်းမာရေးဆရာမ ဒေါ်ကေသီထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ပုံစံတွင် စာရင်းရေးသွင်းပြီး မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒကိုရယူကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား (၁၇)ဦးနှင့် ကျောင်းသူ(၂၁)ဦး၊ ပေါင်း(၃၈)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှု့ကာ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား သက်မှတ်စုရပ်များတွင် သက်မှတ်ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)